ပုံမှန်အားဖြင့် ပုခုံးခဲခြင်း ဖြစ်ရသည့် အကြောင်းရင်းသည် ဘာကြောင်းကြောင့်ဖြစ်မှန်းကို မသိကြ သေးသော်လည်း ဆီးချိုနှင့် လည်ပင်းကြီး ရောဂါတို့နှင့် ဆက်နွယ်တတ်သည်။ ဆီးချို ဝေဒနာရှင်များတွင် ပုခုံးခဲခြင်း ဖြစ်ပွားမှုသည် ၁၀ မှ ၃၀% ခန့်ရှိပြီး ရောဂါ လက္ခဏာ ပိုမိုပြင်းထန် နိုင်သည်။ ဆီးချို ရောဂါကို ကောင်းကောင်း မထိန်း နိုင်သူများတွင် ပုခုံးခဲခြင်း ဖြစ်ပွား မှုများသည်။ လည်ပင်းကြီး ရောဂါ ဝေဒနာရှင်များတွင် ပုခုံးခဲခြင်း ဖြစ်ပွားမှုသည် ၂၇.၂% ခန့်ရှိ သည်ဟု သုသေသနများအရ သိရပါသည်။ ပုခုံးခဲခြင်း နှင့်ဆက်စပ် နိုင်သောအခြား အခြေအနေများမှာ ဆေးလိပ် သောက်သူများ၊ နှလုံးရောဂါရှိခြင်း၊ ပါကင်ဆန်ရောဂါ၊ လေဖြတ်ထားခြင်း၊ လည်ပင်းနှင့် နှလုံး ခွဲစိတ်မှု လုပ်ခံထား ရသူများ၊ ကိုလက်စတောများခြင်း နှင့် Dupuytren contracture ခြင်း တို့ ဖြစ်နိုင်ပါသည်။
#ပုခုံးခဲခြင်းအဆင့်သုံးဆင့်
၁။ နာကျင်ခြင်း အဆင့်
၂-၆ လအထိကြာနိုင်သည်။ အလယ်အလတ် မှသည် ပြင်းထန်သော နာကျင်မှု ကိုခံစားရနိုင်ပါသည်။ ပုခုံး လှုပ်ရှားမှုများ လည်းစတင်၍ ခက်စပြုလာနိုင်ပါသည်။
ရောဂါဗေဒ သဘောအရ ပခုံးအဆစ်၏ capsule နှင့် synovium နေရာအနှံ့ ရောင်ရမ်းမှုခြင်း ဖြစ်လာပြီး နာကျင်ခြင်း ကို တဖြည်းဖြည်းစတင် ခံစားလာရခြင်းမှာ နာကျင်ခြင်း အဆင့် ၏ အဓိက လက္ခဏာရပ်ဖြစ်သည်။
၂။ ခဲသော အဆင့်
၄-၁၂ လအထိကြာနိုင်သည်။ နာကျင်မှုနှင့် တောင့်တင်းခြင်း နှစ်မျိုးလုံး ဖြစ်ပွား တတ်ပါသည်။ ခဲသော အဆင့်
၏အစောပိုင်း ကာလတွင် နာကျင်မှုပိုမိုခံစားရပြီး၊ ဤအဆင့် နောက်ပိုင်းတွင် နာကျင်မှုကလျော့လာပြီး ပုခုံး လှုပ်ရှားရ ခက်လာခြင်း၊ မြှောက်ရခက် လှည့်ရခက် ကျပ်တပ်တပ် ဖြစ်လာခြင်းက ပိုကဲလာသည်။ ရောဂါဗေဒ သဘောအရ ၎င်းသည် ရောင်ရမ်းမှု ကတော့ တဖြည်းဖြည်း လျော့နည်းလာပြီး အဆစ် capsule နှင့် အရွတ်များ၏ fibrosis အနာဖေးတက် လာခြင်း လက္ခဏာရပ်ဖြစ်သည်။
၃။ ကောင်းလာသော အဆင့်
၆-၂၆ လ ခန့်အထိကြာနိုင်သည်။ ဤအဆင့်တွင် နာကျင်မှုက အနည်းငယ် သာဖြစ်ပြီး ပုခုံး လှုပ်ရှားရ ခက်လာခြင်း သည် လည်းပြေလျော့လာသည်။ ရောဂါဗေဒ သဘောတရားအရ ရောင်ရမ်းခြင်းနှင့် fibrosis အနာဖေး များ ပြန်လည် ကောင်းမွန် လာပြီး ပုခုံး လှုပ်ရှားမှုများ ပြန်ကောင်းလာ ပါတော့သည်။
#ကုသနည်း
အများအားဖြင့် ၉၀%ခန့်သော ပခုံးခဲ ဝေဒနာရှင်တို့သည် မခွဲမစိတ်သောနည်း ဖြင့်ကုသကာ အောင်မြင်ကြသည်။
အချို့ကမူ မေ့ဆေး ပေး၍ ဆွဲခွာခြင်း manipulation under anesthesia (MUA) ၊ arthroscopic capsular release (ACR) စသည့် ခွဲစိတ်မှုပုံစံဖြင့် ကုသရန် လိုအပ်ပါသည်။
ရောဂါ ကုသရာတွင် လူနာပုခုံးခဲမှု၏ လက်ရှိရောက်နေသော ရောဂါ အဆင့်ပေါ် မူတည် ခွဲခြားကုသရန် လိုပါသည်။ ဆက်စပ် ရောဂါများ ( ဥပမာ- ဆီးချို၊လည်ပင်းကြီး) ကိုလည်း ထိန်းရန်လိုအပ်ပါသည်။
#နာကျင်ခြင်းအဆင့်
ဤအဆင့်သည် ရောင်ရမ်းခြင်းက ပြင်းထန်သော နာကျင်မှု ဖြစ်စေ သောကြောင့် ကုသနည်းဗျူဟာသည် နာကျင်မှုကို လျော့နည်းစေရန် ရည်ရွယ်သင့်သည်။ အကိုက်အခဲပျောက်ဆေး၊ အရောင်ကျ စတီးရိုက်ဆေး စားခြင်း၊ စတီးရိုက်ဆေး ပုခုံးဆစ်ထဲ ထိုးသွင်းခြင်း၊ အကြော အဆစ် ကာယကုထုံး physiotherapy ကဲ့သို့သော နာကျင်မှုကို သက်သာစေရန် ကုသမှုများ လုပ်နိုင်ပါသည်။ အထက်ပါ နည်းများက နာကျင်မှုကို ယူပြစ်သလိုချက်ချင်း ပျောက်သွားစေရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ကုသမှု ရည်ရွယ်ချက်ကို လူနာ၏ နေ့စဉ်နေထိုင်မှု လှုပ်ရှားမှုများ (ADL) ကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်စေရန်၊ ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေရန်၊ အဆစ် လှုပ်ရှားမှုကို ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်နိုင်စေရန် ဦးတည်ထားရပါမည်။ ပြင်းပြင်းထန်ထန် လှုပ်ရှားခြင်းသည် ရောင်ရမ်းမှုကို ပိုမို ဆိုးရွား စေ၍ နာကျင်မှုကို ပိုမို တိုးမြင့်စေသောကြောင့် သက်တောင့်သက်သာ လေ့ကျင့်ခန်းများသာ လုပ်ရပါမည်။
#ခဲသောအဆင့်
နာကျင်မှုကလျော့လာပြီး ပုခုံး လှုပ်ရှားရ ခက်လာခြင်းက ပိုကဲလာသည်။ ရောင်ရမ်းမှု ကတော့ တဖြည်းဖြည်း လျော့နည်းလာပြီး အနာဖေး ဖြစ်လာသော အဆင့် ဖြစ်သည်။
လေ့ကျင့်ခန်းများ စနစ်တကျ တိုးမြှင့်လုပ်ဆောင် ခြင်းဖြင့် ခဲနေသော ပုခုံးကို ပုံမှန်လှုပ်ရှားမှု ရအောင် ပြုလုပ်ရန် ရည်ရွယ်ရပါမည်။ Hydrodilatation ဟုခေါ်သည့် အဆစ်ထဲ ရေဓါတ် ထိုးသွင်း ကုသခြင်းကလည်း capsular fibrosis အနာဖေးများကို ချိုးဖျက်စေရန် ရည်ရွယ် ကုသကြပါသည်။ အကြော အဆစ် ကာယကုထုံး များနှင့် လ အတော်တန်ကြာ နာကျင်မှု မသက်သာ၊ ပုခုံး ခဲမှု မတိုးတက်ပါက မေ့ဆေး ပေး၍ ဆွဲခွာခြင်း manipulation under anesthesia (MUA) သို့မဟုတ် arthroscopic capsular release (ACR) ခွဲစိတ်မှုပုံစံဖြင့် ကုသရန် လိုအပ်ပါသည်။
#ကောင်းလာသောအဆင့်
ဤအဆင့်တွင် နာကျင်မှုပျောက်လာပြီး ပုခုံး လှုပ်ရှားရ ခက်လာခြင်း သည် လည်းပြေလျော့လာသည်။ ထို့ကြောင့် မူလအကောင်းအခြေအနေ ရောက်သည်ထိ လေ့ကျင့် ခန်းများ ဆက်လုပ်စေရန် ရည်ရွယ်ရပါမည်။ ဤအဆင့်တွင် ခွဲစိတ်မှု လိုအပ်သည်က မရှိသလောက် ပင်ဖြစ်ပါသည်။
#NSAIDs and other analgesics #အကိုက်ခဲပျောက်ဆေးများ
NSAIDs ကို နာကျင်မှုထိန်းရန် အသုံးအများဆုံး ဖြစ်သည်။ A short course of NSAIDs for 2–3 weeks သည် နာကျင်မှု အဆင့်တွင် အသုံး အများဆုံးဖြစ်သည်။ NSAID သုံးရန် မသင့်သူ၊ မတည့်သူများအား Opioid analgesicsအသုံးများသည်။
#Corticosteroid
NSAIDs ပြီးလျှင် အသုံး အများဆုံးဖြစ်ပါသည်။ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ကို ထိန်းချုပ်ရန် နာကျင်သော အဆင့် တွင်သာ အကျိုးရှိသည်၊ နောက်ပိုင်း အဆင့်နှစ်ဆင့်တွင်မူ ရောင်ရမ်း ခြင်း သိပ်မရှိ၍ အကျိုးမရှိလှပါ။
စတီးရိုက် စားဆေး ၏ နောက်ဆက်တွဲ ဆိုးကျိုး avascular necrosis of femoral head လည်း ကြောက်ရသည်ဟု သုသေသနကဆိုထားသည်။ စတီးရိုက်ထိုးဆေးက ပုခုံးခဲ ကုသရာတွင် နာကျင်မှုကို သက်သာစေသည်ဟု ပြောပါသည်။(placebo ၊စတီးရိုက် သောက်ဆေး၊ ကာယကုထုံး၊ မေ့ဆေး ပေး၍ ဆွဲခွာခြင်း နှင့် ယှဉ်ရာ၌)
စတီးရိုက်ထိုးဆေးက ဆီးချိုသမားများတွင် ၁ရက်မှ ၅ ရက် အတွင်း ယာယီ သွေးတွင်း အချိုဓါတ် မြင့်တက် စေနိုင်သည်။ သိုသော် ၂၄ နာရီ ကနေ ၁၀ ရက်အတွင်း မူလ အခြေ အနေသို့ ပြန်ရောက် နိုင်ပါသည်။ စတီးရိုက်ထိုးဆေး ကနာကျင်မှု နှင့် လုပ်ဆောင်နိုင်မှု တိုးတက်မှုကိုရစေ၍ ယာယီ သွေးတွင်း အချို ဓါတ်မြင့်တက်စေနိုင်သည့် ဆိုးကျိုး ကိုကျော်လွန်ကာ အကျိုးရှိစေပါသည်။ ဆီးချို မထိန်းနိုင်သူများ ၂၅၀ mg% ထက်များ နေသူများကိုတော့ မထိုးသင့်ဟု ဆိုပါသည်။ Triamcinolone ကိုလည်း retroviral therapy ပေးထားသူများတွင် iatrogenic Cushing syndrome ရနိုင်၍ မထိုးသင့်ပါ။
#အကြောအဆစ်ကာယကုထုံးများ #Physiotherapy
အကိုက်ခဲပျောက်ဆေးများ၊ စတီးရိုက် စားဆေး များနှင့်တွဲဖက်၍ Physiotherapy လည်း သည် ကုသရေးမှာ အုတ်မြစ်တစ်ခု ဖြစ်ပါသည်။ နာကျင်မှုသက်သာစေဖို့၊ လှုပ်ရှားမှုများ ကောင်းမွန် ချောမွေ့လာစေဖို့၊ ကြွက်သား အရွတ်တို့ ပြန်လည် သန်စွမ်း လာစေဖို့ အဓိက ကျတဲ့ ကုသရေး တခုဖြစ်ပါသည်။ ဆေး နှင့် Physiotherapy တွဲဖက်ခြင်းက Physiotherapy တစ်ခုတည်းကုသခြင်းထက် ပိုမိုကောင်းသည်ဟု ဆိုပါသည်။
Extracorporeal shock wave therapy (#ECSWT) နှင့် ကုသခြင်းကလည်း သက်သာမှု ရစေပါသည်။ အထူးသဖြင့် ဆေးဝါးများနှင့် မတည့်၊ မသင့်တော်သူများတွင် ကုသစရာ နည်းတမျိုး အနေနှင့် သုံးနိုင်ပါသည်။
#Hydrodilatation အဆစ်ထဲ ရေဓါတ် ထိုးသွင်း ကုသခြင်း
Hydrodilatation နည်းဖြင့် ပုခုံးဆစ်ထဲ saline, steroid, local anaesthetic များ ထိုးခြင်းက capsule ကိုပွစေသည်ဟုတွက်ဆကြပြီး ‘early intracapsular fibrosis အနာဖေးတက်ခြင်းကို ဖြိုခွဲလိုက်၍ လှုပ်ရှားမှုများ ပိုမို ကောင်းလာစေနိုင်သည်။
#Calcitonin သောက်ဆေး
Calcitonin သည် ရောင်ရမ်းမှုကို လျော့ကျစေပြီး endorphin များ ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးသည်။ သို့သော် သက်သေပြရန် သုသေသနများစွာ လိုအပ်နေသေးသည်။
#အပ်စိုက်ကုသခြင်း
သုသေသန အချို့တွင် နာကျင်မှုသက်သာစေသည်ဟု ဖေါ်ပြသည်။ သို့သော် သက်သေပြရန် သုသေသနများစွာ လိုအပ်နေသေးသည်။
#Suprascapular nerve Nerve block လုပ်၍ ကုသရာ၌ လည်း နာကျင်မှုသက်သာစေသည်ဟု ဖေါ်ပြသည်။ သို့သော် အဆင့်မြင့် သုသေသနများစွာ လိုအပ်နေသေးသည်။ ဒေါက်တာစိုးလူကျော်M.B., B.S,M.Med.Sc (Rehabilitation medicine),MSc Sports & Exercise medicine (Cardiff/ UK),Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်
#ပုခုံးခဲခြင်း #FrozenShoulder #AdhesiveCapsulitis #Physiotherapy #ShoulderInjection #UltrasoundGuidedInjection #Hydrodilitation #Rehabilitation #PhysicalMedicine #MyanmarMedical #MyanmarRehabilitationMedicine