ပေါင်ခြံတဝိုက် စူးအောင့်အောင့်ကြီး နာတယ်၊ အားကစားလုပ်ရင်း ပြေးတာတို့ ကန်တာတို့လုပ်ရင်နာတယ်၊ ဒူးကိုရင်ညွှန့်ဆီဆွဲတင် လေ့ကျင့်ခန်းလုပ်ရင် နာတယ်၊ ဆိုင်ကယ်ပေါ် အမြင့်တခုခုပေါ် ခွတက်တဲ့အခါ နာတယ် စသည်ဖြင့်နာကျင်မှုကို ပြောကြတတ်ပါတယ်။
များသောအားဖြင့် Iliopsoas လို့ခေါ်တဲ့ ကြွက်သားစုက ပေးတတ်သော ပြသနာဖြစ်နိုင်ပါတယ်။
ဘယ်အချင်းအရာတွေကနာစေတာလည်း
အလွန်အကျွံအသုံးပြုမှု များကြောင့်လည်း နာစေတတ်ပါသည်။
ဥပမာ-ပြေးခြင်း၊ စက်ဘီးစီးခြင်း ၊ထိုင်ထလုပ်ခြင်း၊ အမြင့်တခုပေါ်သို့လှမ်းခွ၍ တက်ခြင်း၊ ကခြင်း၊ ကန်ခြင်း စသည့် တို့ကို ထပ်တလဲလဲ လုပ်ဆောင်မှု များသည် iliopsoas ကြွက်သားများကို တင်းမာစေပြီး ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ကို ဖြစ်စေသည်။ မှားယွင်းသော ကိုယ်ဟန်အနေအထား ဖြင့် ကြာရှည်ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းသည် လည်း ကြွက်သား ကို နာကျင်စေသည်။
ဒဏ်ရာရခြင်း များကြောင့်လည်း နာစေတတ်ပါသည်။
ပေါင်ရှေ့ တင်ပါးဆုံ တဝိုက်နှင့် နောက်ကျောကို တိုက်ရိုက် ဒဏ်ရာရခြင်းသည်လည်း ကြွက်သားကို နာစေနိုင်သည်။
အောက်ပါရောဂါများနှင့်လည်းတွဲဖက်တတ်ပါသည်။
ကျီးပေါင်း၊ အရည်အိတ်ရောင်ခြင်း(bursitis)၊ ရောဂါပိုးဝင်ခြင်း၊ osteonecrosis ပေါင်အရိုးသွေးမရ၍ ပျက်စီးခြင်း စသည့် ရောဂါများနှင့်လည်းတွဲဖက်တတ်ပါသည်။
ရောဂါရှာဖွေခြင်း
စမ်းသပ်ခြင်း ဖြင့်လည်းခန့်မှန်း သိရှိနိုင်ပါသည် (ပေါင်ခြံ တဝိုက်တွင် အခြား အရေးကြီးလှသောအစိတ် အပိုင်းများလည်း ရှိနေပါ၍ ပညာရှင်များနှင့် စနစ်တကျ စမ်းသပ် ရန်လိုအပ်ပါသည်)။
ဓါတ်မှန်ရိုက်ကြည့်ခြင်းက အဆိုပါ ကြွက်သားနာခြင်း နှင့်ပတ်သက်၍ ရောဂါရှာဖွေခြင်း၌ အထောက်အကူ မပြုလှဟု မှတ်သားရပါသည်။ Ultrasound တယ်လီဗွီးရှင်းဓါတ်မှန် ရိုက်ခြင်းဖြင့် ပြသနာအချို့ကို ဖော်ထုတ်နိုင်ပါသည်။ ထုံဆေးကို အရွတ်ထဲ ထိုးကြည့်ပြီးလည်း စမ်းသပ် ကြသည် (Ultrasound guided lidocaine challenge test)။ နာတာချက်ခြင်း သက်သာပါက ဤအရွတ်ရောင် ပြသနာဟု ကောက်ချက်ချနိုင်သည်။
MRI သံလိုက်ဓါတ်မှန်ရိုက်ခြင်းဖြင့်လည်း ရောဂါရှာဖွေနိုင်ပါသည်။
ကုသနိုင်သော နည်းလမ်းများ
နာကျင်မှုကို ပိုဆိုးစေသော လှုပ်ရှားမှုပုံစံများကို လျှော့ချပြီး၊ သက်သာလာစေရန် အချိန်ပေး အနားယူ ပါ။
ရေနွေးကပ်ခြင်း သို့မဟုတ် ရေခဲကပ်ခြင်းလုပ်ပြီး ကြွက်သားကို ဖြည်းဖြည်း အကြောလျော့(ပုံပါအတိုင်း) ပေးခြင်းကလည်း သက်သာစေသည်။
ကျန်းမာရေး ပညာရှင်များနှင့် နာကျင်မှု သက်သာစေသော ဆေးဝါးများလည်းမှီဝဲ နိုင်ပါသည်။ အရိုး၊အကြော၊အဆစ် ကျွမ်းကျင်ပညာရှင်များဖြင့် ကာယကုထုံး (Physiotherapy) ဖြင့်လည်းကုသနိုင်ပါသည်။
Ultrasound တယ်လီဗွီးရှင်းဓါတ်မှန် အကူအညီဖြင့် ဆေးထိုးခြင်းကိုလည်း အထက်ပါနည်းများဖြင့် မသက်သာပါက ကုသကြသည်။
အထက်ပါနည်းလမ်းများ မအောင်မြင်ပါက ခွဲစိတ် ကုသခြင်း နည်းလမ်းဖြင့်လည်း ဆောင်ရွက်နိုင်ပါသည်။
ဒေါက်တာစိုးလူကျော်M.B.,B.S,M.Med.Sc (Rehabilitation medicine),MSc Sports & Exercise medicine (Cardiff/ UK),Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်
Dydyk AM, Sapra A. Psoas Syndrome. [Updated 2023 Jun 21]. In: StatPearls [Internet]. Treasure Island (FL): StatPearls Publishing; 2024 Jan-. Available from: https://www.ncbi.nlm.nih.gov/books/NBK551701/
Sante, Luca & Paoloni, Marco & Benedittis, Stefano & Tognolo, Lucrezia & Santilli, Valter. (2013). Groin pain and iliopsoas bursitis: Always a cause-effect relationship?. Journal of back and musculoskeletal rehabilitation. 27. 10.3233/BMR-130412
Johnston, C.A., Wiley, J.P., Lindsay, D.M. and Wiseman, D.A., 1998. Iliopsoas bursitis and tendinitis: a review. Sports Medicine, 25, pp.271-283.
#HipFlexorPain
#IliopsoasTendinitis
#IliopsoasBursitis
#GroinPain
#LowerAbdominal Pain
#RestActivityModification
#PainManagement
# physiotherapyTherapy