လက်ချောင်းနာခြင်း

လက်ချောင်းနာခြင်း

လက်ချောင်း တစ်ချောင်း သို့မဟုတ် လက်ချောင်း အချို့ ကွေးရင် နာပါတယ်၊ ကွေးပြီး ပြန်ဆန့်မရ ညပ်နေတယ်၊ ထောက်ခနဲထောက်ခနဲ ကွေးဆန့် လုပ်ရင် ဖြစ်နေတယ်ဟု ပြောလေ့ရှိသော Trigger finger/stenosing tenosynovitis သည် လက်ချောင်း၊ လက်မရှိ အရွတ်များ ရောင်ရမ်းခြင်း ပြသနာတခုခုကြောင့် ဖြစ်သည်။ အရွတ်တစ်ဝိုက်တွင် အကာအကွယ်ဖုံးအုပ်ထားသည့် အရွတ်အဖုံး သည် ရောင်ရမ်းခြင်း သို့မဟုတ် ထူလာသော အခြေအနေတွင်လည်း ဖြစ်တတ်သည်။
အရွတ်သည် အကာအကွယ် အရွတ်အဖုံး ထဲတွင် ချောမွေ့စွာ မဖြတ်သန်းနိုင်ပဲ ညပ်နေ သော အနေ အထားဖြစ်ပါသည်။ လက်ချောင်း သို့မဟုတ် လက်မသည် ကွေးထားသော အနေအထားတွင် ညပ်နေပြီး မကြာခဏ နာကျင်မှုနှင့် မသက်မသာဖြစ်စေသည်။(သရုပ်ပြဗီဒီယိုတွင်ကြည့်ပါ)

ဘာကြောင့်လဲ

လက် သို့မဟုတ် လက်ချောင်းများ လှုပ်ရှားမှု ပုံစံတစ်ခုတည်း ခဏခဏ လှုပ်ရှား ရမှုများ၊ မကြာခဏ ဆုပ်ကိုင် ထားသော ပုံစံ အနေအထား များသည် အရွတ်များကို တင်းမာ စေသည်။ ဥပမာ တူရိယာ တီးသူအချို့ (drummer, guitarist )၊ အားကစားသမားများ၊ လက်သမား၊ ဆောက်လုပ်ရေး၊ အိမ်မှုကိစ္စများသူများ(ခုတ်ရ၊ ညှစ်ရ၊လှည်းရ) သည်ဖြစ်နိုင် ခြေများသည်။ လေးဖက်နာ ရောဂါသည်များ လည်းအဖြစ်များသည်။

မခွဲမစိတ်ပဲကုသခြင်း

နာနေသော လက်ချောင်းများကို အနားပေးခြင်း၊ ကျပ်စည်း ကိရိယာ Splint တပ်ခြင်း(ပုံတွင်) နှင့် နာကျင်မှုကို ပိုဆိုးစေသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း၊ ရေခဲ သို့မဟုတ် ရေနွေး ကပ်ခြင်း တို့ ဖြင့် ကုသလျှင်လည်း သက်သာသွားလေ့ရှိပါသည်။ ကျပ်စည်း ကိရိယာ Splint တပ်ခြင်း ဖြင့် ရောင်ရမ်းသော နေရာများ အနားရစေပြီး နာကျင်မှုသက်သာစေ၍ အရေးပါပါသည်။
အကိုက်အခဲပျောက်ဆေး၊ အကြော အဆစ် ကာယကုထုံး physiotherapy ကဲ့သို့သော နာကျင်မှုကို သက်သာစေရန် ကုသမှုများ လုပ်နိုင်ပါသည်။
ရောင်ရမ်းမှုကို လျှော့ချရန်နှင့် ရောဂါလက္ခဏာများကို သက်သာစေရန် အကာအကွယ် အရွတ်အဖုံး ထဲသို့ ကော်တီကိုစတီးရွိုက် အရောင်ကျဆေးကို ထိုးလေ့ရှိသည်။ ထိရောက်သော ကုသမှုတစ်ခုဖြစ်သည်။

ခွဲစိတ်ကုသခြင်း

မခွဲမစိတ်ပဲကုသခြင်းများ မအောင်မြင်လျှင် သို့မဟုတ် ရောဂါ ပြင်းထန်ပါ က ခွဲစိတ် ကုသမှုများနှင့် လည်းကုသ၍ရပါသည်။

ဒေါက်တာစိုးလူကျော်
M.B., B.S,
M.Med.Sc (Rehabilitation medicine),
MSc Sports & Exercise medicine (Cardiff/ UK),
Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်

www.drsoeluukyaw.com

TriggerFinger #StenosingTenosynovitis #DigitFlexorTendons #FingerStiffnes #TendonSheathInflammation #CorticosteroidInjections #SteroidShots #PhysicalTherapy #HandRehabilitation #Splinting #FingerSplints

Leave a Reply

Your email address will not be published. Required fields are marked *