Quad to Hamstring Ratio
ကိုယ်ခန္ဒာရွေ့လျားမှုကို ထိန်းကြောင်းပေးနေသော အဓိကကြွက်သားများ ဖြစ်သည့် ပေါင်ရှေ့ကြွက်သားများ Quadriceps နှင့် ပေါင်နောက်ကြွက်သားများ Hamstring မျှတ သော ကြွက်သား ခွန်အားအချိုးကို ရအောင် လေ့ကျင့်ခြင်းသည် အားကစားသူများ၏ အကောင်းဆုံး စွမ်းဆောင်ရည် နှင့် ထိခိုက် မှု ကာကွယ်ရေး အတွက် အရေးကြီးလှပါသည် ။
ပေါင်ရှေ့ကြွက်သားများသည် ဒူးဆန့်ထုတ်၍ ကန်ထုတ်ခြင်း လုပ်ငန်းကို လုပ်ရသည်(ပေါင်နောက် ကြွက်သား တာဝန်ကဒူးကွေးရန်)၊ ပေါင်နောက် ကြွက်သားက ထိုအချိန်တွင် ဒူးတည်ငြိမ်မှုကို ထိန်းရသည်၊ ရှေ့ကကြွက်သားအားထုတ်မှုကို ထိန်းညှိရသည် ။
ရှေ့နောက် ပါဝါ မ ညီမျှ မှု သည် အားကစား စွမ်းဆောင်ရည် ပျက်ရွင်းကာ ထိခိုက် ဒဏ်ရာ ရ မှု အန္တရာယ် များလာခြင်းစသော ပြဿနာများ ဆီသို့ ဦးတည် စေ နိုင် (ဥပမာ- ကြွက်သားနာခြင်း ပြဲခြင်း၊ ACL အရွတ်များ နှင့် အဆစ်၏ဘေးထိန်း အရွတ်များ စုတ်ပြဲခြင်း စသည်)။
ပေါင်နောက်ကြွက်သားအစု Hamstring သည် ပေါင်ရှေ့ကြွက်သားများ Quadriceps ၏ ၆၀-၈၀ % ခွန်အား အချိုးလောက် သန်မာရမည်။ ဥပမာ- ပေါင်ရှေ့ကြွက်သားများ Quadriceps က ပေါင် ၁၀၀ တွန်းနိုင်က ပေါင်နောက်ကြွက်သားအစု Hamstringက ၆၀-၈၀ ပေါင်လောက်တွန်းနိုင် လုပ်နိုင် စွမ်းရည်ရှိနေရပါမည်။ အချိုးချက ၃:၂ အနည်းဆုံးရှိသင့်သည်လည်း ပြောကြသည်။
ပေါင်ရှေ့ကြွက်သားများ နှင့် ပေါင်နောက်ကြွက်သားများ ခွန်အားအချိုးကို စစ်ဆေးနည်းများ
စမ်းသပ်နည်းအများအပြားရှိသည့်အနက် Isokinetic Dynamometry Test သည်အသုံးများသည်။ Dynamometr ကိုသုံး၍ ကြွက်သားများအားကိုစမ်းသပ်ရ အချိုးချရသောနည်းဖြစ်သည်။ မပြည့်စုံသောနေရာအချို့တွင် သွေးပေါင်ချိန်စက်ကိုသုံး၍လည်း အားအချိုးကို ရှာကြသည် (သွေးပေါင် ချိန်လက်ပတ် ထဲ လေ ၆၀ mmHg လောက် ထည့်ထားပါ ၊ ထိုဖေါင်းနေသော လက်ပတ်ကို တိုင်းလိုသော ခြေလက် ကြွက်သားတို့ ပေါ်တင်၍ အားစိုက် တွန်း ညှစ် လုပ်ရသည်၊ ၆၀ ထက်ပိုထွက်လာသော အားများသည် အဆိုပါကြွက်သားတို့ ညှစ်နိုင် အားဖြစ်သည်)။ 1RM (One-Repetition Maximum) Test ကမူ ကြွက်သားက တစ်ခေါက် အမနိုင်ဆုံးသော အလေး ပမာဏကို ရှာ၍ အချိုး ချတွက်ခြင်း ဖြစ်သည်။ အလေးမခုံများ၌ ကြွက်သားများ ဘယ်နှစ်ခါ လုပ်နိုင်လည်း အချိုးချ၍တွက်နိုင်သည်။
အားကစားသမားများတွင် ကြွက်သားခွန်အား အချိုး မညီမျှ၍ ထိခိုက်ဒါဏ်ရာများရကြောင်း သုတေသနများစွာ ရှိထားပြီး ဖြစ်ပါသည် (အထူးသဖြင့် ပြေးလွှားကစားရသော)။ထိုခိုက်ဒါဏ်ရာ ရပါက အားစားသမား အပေါ်တွင်သာမက၊ အသင်း၊ ပြည်နယ်တိုင်း၊ နိုင်ငံတော် စသည်တို့ အပေါ်၌ပင် ဆိုးကျိုးများဝင်လာတတ်၍ အဆိုပါ ပေါင်ရှေ့ကြွက်သားများ Quadriceps နှင့် ပေါင်နောက်ကြွက်သားများ Hamstring ခွန်အားအချိုးကို မျှတအောင် လေ့ကျင့်ခြင်း နှင့် ဆန်းစစ်ခြင်းများ ပြုလုပ်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
ဒေါက်တာစိုးလူကျော်
M.B., B.S,M.Med.Sc (Rehabilitation medicine),
MSc Sports & Exercise medicine (Cardiff/ UK),
Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်
ကျမ်းကိုး
1. Hewett, T. E., Myer, G. D., & Ford, K. R. (2006). Anterior Cruciate Ligament Injuries in Female Athletes: Part 1. American Journal of Sports Medicine, 34(3), 299-311.
2. Myer, G. D., Ford, K. R., Khoury, J., Succop, P., & Hewett, T. E. (2010). Clinical Correlates to Sex Differences in ACL Injury Risk: Hormonal, Anthropometric, and Neuromuscular Factors. The Journal of Orthopaedic and Sports Physical Therapy, 40(2), 82-89.
3. Petersen, J., Thorborg, K., Nielsen, M. B., Budtz-Jørgensen, E., & Hölmich, P. (2011). Preventive Effect of Eccentric Training on Acute Hamstring Injuries in Men’s Soccer. American Journal of Sports Medicine, 39(11), 2296-2303.
photos from internet resources