ရုတ်တရက် ပုခုံးအဆစ်က ပြင်းပြင်းထန်ထန်နာလာပြီး၊ လှုပ်မရ မြှောက်မရ၊ အိပ်လည်းမရဟု ဆေးခန်းကို ပြေးလာကြသည်များမကြာခဏ ကြုံလာရပြီး ရောဂါရှာဖွေရာတွင် ကျောက်အောင် နေသည်ကိုတွေ့ရတတ်ပါသည်။ကျောက်တည်နေတယ်ဟု ရှင်းပြလျှင် ဗိုက်ထဲမှာတည်တယ်ပဲကြားဖူးတာ အဆစ်တွေမှာလည်း တည်တယ်ပေါ့ဟု အံ့ဩနေကြသူများလည်း ကြုံဖူးပါသည်။
#ဘာကြောင့်ကျောက်တွေတည်ရသလဲ
အဘယ့်ကြောင့် ကျောက်တွေတည်ရသလဲကို ရှင်းပြရပါက အရွတ်၊အဆစ်၊ အရည်အိတ် bursa၊ ကြွက်သား စသည့် အစိတ်အပိုင်းတွေရဲ့ကြား calcium hydroxyapatite လို့ခေါ်သော ထုံးဓါတ်ပစ္စည်းများ အနည်ကျလာရာမှ ဖြစ်လာပါသည်။ ပုခုံးတွင် အဖြစ်များတတ်သော်လည်း ခြေထောက် feet ၊ လက်ဖဝါး hands ၊ တင်ပါးဆုံ hips ၊ လည်ပင်းရိုး cervical spine စသည်တွင်လည်း အခြားအစိတ်အပိုင်းများထက် ဖြစ်ပွားမှုများသည်ဟု သိရပါသည်။ အသက် ၃၀ မှ ၆၀ ကြား ကာလ နှင့် အမျိုးသမီးများမှာ ဖြစ်ပွားမှုပိုများလေ့ရှိပါသည်။ .#ဖြစ်စဉ်အဆင့်ဆင့် ပထမအဆင့် Pre-calcific stage တွင် အရွတ်စသည်တို့ထဲ၌ အရိုးနုပုံစံ ဆဲလ်များ fibrocartilaginous metaplasia အဖြစ် အသွင်ပြောင်းလာပြီး အနည်များစုပုံလာစေရန် ဆွဲဆောင်ပါတော့သည်။ အရွတ်လေးတွေဟာ ကြိမ်ဖန်များစွာ ဖိအား၊ ထိခိုက်မှုတွေက တဆင့် မာသော အသွင်ပြောင်းလာရာမှ စတယ် လို့ယူဆကြပါသည်။ဒုတိယ အဆင့်ကတော့ Crystal formation stage ထုံးကျောက်များ အနည်ကျတဲ့ အဆင့် ဖြစ်ပါသည်။တတိယ အဆင့်ကတော့ ခန္ဓာက ပြသနာကို ဖြေရှင်းဖို့ လုပ်လာတဲ့ Resorption အဆင့် ဖြစ်ပါသည်။ ဤအဆင့်တွင် ရုတ်တရက် ရောင်ရမ်းလာခြင်း၊ အလွန်နာကျင်လာခြင်း ဖြစ်စေတတ်ပါသည်။ ထုံးကျောက်တွေကို ဝါးမြိုရှင်းထုတ်ဖို့ ဆဲလ်တွေထွက်လာရာမှ ရောင်းရမ်းခြင်းတွေစတယ်လို့ ပြောကြသော်လည်း အတိအကျကတော့ မရှင်းမလင်းဖြစ်နေတုန်းပါ
#ရောဂါရှာဖွေခြင်း
ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် ငွေကုန်ကြေးကျသိပ်မများပဲ ကျောက်များကို ရှင်းရှင်း မြင်တွေ့နိုင်သည်။ တယ်လီဗွီးရှင်း ဓါတ်မှန်ဖြင့် ငွေကုန်ကြေးကျသိပ်မများ၊ ဘေးထွက်ဆိုးကျိုးကင်းကင်းဖြင့် ကျောက်များကို ဖေါ်ထုတ်နိုင်သည်။ ကျန် ငွေကုန်ကြေးကျများတတ်သော MRI, CT Scan စသည်တို့နှင့်လည်း ဖေါ်ထုတ်နိုင်သည်။
#ကုသခြင်း
အခြားရောဂါများ ဖေါ်ထုတ်ရင်း အကြောအဆစ် အချို့အစိတ်အပိုင်းများတွင် အမှတ်မထင် ကျောက်များတွေ့လေ့ရှိသော်လည်း ပြသနာမပေးလျှင် ကုသစရာမလိုတတ်ပါ။ နာကျင်ရောင်ရမ်း ပြသနာ ပေးသော ကျောက်များကို ကုသရာ၌ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ကာယကုထုံး physiotherapy များကလည်း သက်သာစေနိုင်ပါသည်။ ကာယကုဠာနများ၌ Extra corporal Shock wave ဟုခေါ်သော စက်များဖြင့် ကျောက်များကို Shock တိုက်လိုက်ခြင်းကလည်း ကျောက်ချေရာ၌ အကူညီရစေပြီး ထိရောက်ပါသည်။ တယ်လီဗွီးရှင်း ဓါတ်မှန်အကူအညီဖြင့် ကျောက်အား ဆေးထိုးအပ်ဖြင့် ထိုးခွဲချေ၍ စုတ်ထုတ်ကာ ဆေးထိုးကုသခြင်းကလည်း သုတေသနများအရ ထိရောက်ကောင်းမွန်သည်ဟု အဖြေများ တွေ့ရပါသည်။ စတီးရိုက် အရောင်ကျဆေး အား ကျောက်အနီး ထိုးခြင်းကလည်း သက်သာ စေနိုင် ပါသည်။ ခွဲစိတ် ကျောက်ထုတ်ခြင်းနှင့်လည်းကုသကြပါသည်။နာကျင်မှုစလာလျှင် ဘာရောဂါလည်းသေချာအောင် ကျန်းမာရေးပညာရှင်များနှင့် တိုင်ပင်ပါ၊ အချို့ ရောဂါသေးလေးတွေကတော့ ရေခဲကပ်၊ အကိုက်အခဲပျောက်ဆေးသောက်၊ အနားပေးလျင် သက်သာ သွားတတ်ပါသည်။
#ရောဂါကာကွယ်ရေး
ရောဂါကကွယ်ဖို့ကတော့ အရွတ် အကြောတွေ သွေးလည်ပတ်မှုကောင်းအောင်၊ ကြံ့ခိုင်သန်စွမ်းစေအောင် လေ့ကျင့်ခန်းများလုပ်ပါ၊ရေဓါတ်ပြည့်ဝနေပါစေ၊ ညီမျှ မျှတသော အဟာရကို သုံးဆောင်ပါ။ အရွတ်အကြော များ ခဏခဏ ဒါဏ်ပိစေခြင်း၊ ထိခိုက်နာကျင်စေ သောပုံစံများကို သတိထားပါ၊ ရှောင်ပါ။ ကိုယ်ခန္ဓာ အလိုင်းမန့် ညီညာအောင် ပြုပြင် ထိန်းသိမ်းနေပါ။
ဒေါက်တာစိုးလူကျော်M.B., B.S,M.Med.Sc (Rehabilitation medicine),MSc Sports & Exercise medicine (Cardiff/ UK),Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်
မှီညမ်းကိုးကား
Dalla-Torre, R., Le Goff, B., & Darrieutort-Laffite, C. (2024). Periarticular calcifications: Clinical features and treatment options. Gout, Urate, and Crystal Deposition Disease, 2(3), 266-274. https://doi.org/10.3390/gucdd2030020
Gatt, D. L., & Charalambous, C. P. (2024). Ultrasound-guided barbotage for calcific tendonitis of the shoulder: A systematic review including 908 patients. Faculty of Medicine and Dentistry, Blackpool Victoria Hospital, University of Central Lancashire.
Serafini G, Sconfienza L, Lacelli F, Silvestri E, Aliprandi A, Sardanelli F. Rotator Cuff Calcific Tendonitis: Short-Term and 10-Year Outcomes After Two-Needle Us-Guided Percutaneous Treatment–Nonrandomized Controlled Trial. Radiology. 2009;252(1):157-64. doi:10.1148/radiol.2521081816 –
Uhthoff, H. K., & Loehr, J. W. (1997). Calcific tendinopathy of the rotator cuff: Pathogenesis, diagnosis, and management. Journal of the American Academy of Orthopaedic Surgeons, 5(3), 183-191.
Werry, W. D., Hedeman, M., Sharma, A., Garfi, J., Elentuck, D., Samuelsen, B., Kasparyan, G., & Lemos, M. (2024). Determining the efficacy of barbotage for pain relief in calcific tendinitis. JSES International, 8(5), 1039-1044. https://doi.org/10.1016/j.jseint.2024.06.005အချို့ ပုံများမှာ အင်တာနက်မှ စုစည်းထားပါသည်