အားကစားမြင့်မားလာရေး
အားကစားယှဉ်ပြိုင် ရာတွင် စနစ်တကျ ဖွဲ့စည်းရသည်၊ စနစ်တကျ လေ့ကျင့်ရသည်၊ လေ့ကျင့်မှု ရလဒ်ကို ဆန်းစစ်ရသည်၊ ပန့်ပိုးမှု အဖွဲ့များဖြင့် ထောက်မရသည်၊ တိုးတက်မှု ကို အကဲဖြတ် ရပါသည်။ သို့မှသာ စနစ်တကျ တိုးတက်မှု ဖြစ်စဉ် ဖြစ်ထွန်းလာပေမည်။ သို့မဟုတ်က ရေရှည်တွင် မိမိ အသင်း၏ စွမ်းဆောင်ရည် လည်း နိမ့်ကျလာသလို၊ စနစ်တကျ ချီတတ်နေသော နိုင်ငံ အသင်းများနှင့် နှိုင်းယှဉ်ပါက သိသာစွာ စွမ်းဆောင်ရည် အဆင့်အတန်း နိမ့်ပါး လာသည်မျိုးဖြစ်လာနိုင်ပါသည်။
အားကစား တိုးတက်ဖို့ဆိုလျှင်ကား ပူးပေါင်း ပံ့ပိုးပေးနေသော အာကစား သိပ္ပံ ပညာရပ်များပါ ဖွဲ့စည်း တည်ရှိနေဖို့လိုပါသည်။ ဖွံ့ဖြိုးသော နိုင်ငံများတွင် အာကစား သိပ္ပံ ပညာရှင်များ စုပေါင်း၍ စနစ်တကျ အားကစား နည်းအလိုက် ကူညီ အားထုတ်ပေး လေ့ရှိပါသည်။
နည်းပြ နှင့် အားကစား သမား နှစ်မျိုးတည်း လေ့ကျင့်ကြသည်က ခေတ်မမီ လှတော့ပါ။ ဟိုးယခင် အာကစား သိပ္ပံ ပညာရပ်များ မထွန်းကားသေး စဉ်ကတော့ နိုင်ငံများ အကြား လေ့ကျင့်ပုံသိပ် မကွာလှသော်လည်း၊ နောက်ပိုင်း အားကစား သိပ္ပံ ပညာရပ်များ ထွန်းကားလာပြီး အသုံးချကြသောအခါ၊ စနစ်တကျ အသုံးချသောနိုင်ငံက ရေရှည်တွင် အဆင့် အတန်းခြင်း ကွာခြား၍လာပါတော့သည်။
အောက်ပါ အားကစား သိပ္ပံ ပညာရပ်များသည် အားကစားဖွံ့ဖြိုးရေးအတွက် အသုံးချရန် လိုအပ်သော အရေးကြီးသော ပညာရပ်ဆိုင်ရာများ ဖြစ်ပါသည်။
၁။ ဆေးပညာနှင့်ပံ့ပိုးပေးသောအဖွဲ့ #Sport and Exercise Medicine
ဆေးပညာနှင့်ပံ့ပိုးပေးသောအဖွဲ့သည် ရောဂါနှင့်ဒဏ်ရာများ ကာကွယ်ရန်၊ ရောဂါရှာဖွေရန်၊ ကုသရန်နှင့် ဒဏ်ရာများမှ ပြန်လည် ထူထောင်ရေးနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ ပြန်လည် ရရှိစေရန် ကူညီပေးသည်။
၂။ အဟာရ ပညာရှင်များနှင့် ထောက်ပံ့ သောအဖွဲ့ #Nutrition
အားကစား အာဟာရပညာရပ်သည် မတူညီသော အားကစား နည်းများမှ ကစားသမားများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် တိကျသော အာဟာရ လိုအပ်ချက် များကို နားလည်စေခြင်းနှင့် အစားအသောက်များကို ချိန်ညှိခြင်းတို့ ပါ လုပ်ဆောင် ပါသည်။ အားကစားသမားများအတွက် သင့်လျော်သောအာဟာရ မရလျှင် အားကစားသမားများ၏ စွမ်းဆောင်ရည် နှင့် အလုံးစုံသော ကျန်းမာရေးကို သိသာထင်ရှားစွာ ထိခိုက်စေနိုင် သောကြောင့် အရေး အကြီးလှပါသည်။ အားကစားသမား တစ်ဦးစီတိုင်းသည် ၎င်းတို့၏ အာဟာရလိုအပ်ချက်များအရ အသက်၊ လိင်၊ ခန္ဓာကိုယ်ဖွဲ့စည်းမှု၊ လေ့ကျင့်မှုပြင်းထန်မှုနှင့် ကစားနည်းအမျိုးအစား စသည့် အချက်များအပေါ် မူတည်၍ တစ်မူထူးခြားစွာ ကွဲပြားနိုင်သည်။ အာဟာရကို လူအများစာ၊ အားကစားနည်းကွဲများ အပေါ် ရည်ရွယ်၍ ခြုံငုံကြွေးမွေးခြင်းသည် စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရာတွင် ထိရောက်မှု အားနည်းနိုင်ပါ သည်။ ယင်းအစား အားကစား သမား တစ်ဦးစီ လိုအပ်ချက်အား ပြင်ဆင်ခြင်း၊ အနည်းဆုံး ထိုကစားနည်းအမျိုးအစား တခုပေါ် ရည်ရွယ်၍ အဟာရ တွက်ချက်ကာ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အာဟာရ အစီအစဉ်များကို ပြင်ဆင်သင့်သည်။
၃။ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုး ပြုပြင်ပေးသော အဖွဲ့ #SportPsychology
အားကစား စိတ်ပညာရှင် များသည် အားကစားသမားများနှင့် လက်တွဲ၍ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်စေရန် လုပ်ဆောင်သည်။ ပန်းတိုင်သတ်မှတ်ခြင်း၊ အာရုံစူးစိုက်မှုနှင့် မိမိကိုယ်ကိုယုံကြည်မှုတို့ ပါဝင်သည်။ ဖိအားများသော အခြေအနေများသည် အားကစားတွင် အဖြစ်များပြီး အားကစားသမားများသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ကြုံတွေ့ရတတ်သည်။ အားကစား စိတ်ပညာရှင် များသည် အပန်းဖြေ လေ့ကျင့်ခန်းများနှင့် စိတ်ဖိစီးမှု လျှော့ချရေး ဗျူဟာများ ကဲ့သို့သော စိတ်ခံစားမှုများကို စီမံခန့်ခွဲရန် နည်းစနစ်များကို သင်ကြားပေးပါသည်။ ပေါင်းသင်းဆက်ဆံရေး၊ ပေါင်းစည်းမှုနှင့် အသင်း၏ လှုပ်ရှားမှုများကို တိုးတက်စေရန်လည်း လုပ်ဆောင် ပါသည်။ အသင်း တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပြီး၊ အသင်း၏ စည်းလုံးချစ်ကြည် မှုကို မြှင့်တင်နိုင်သည်။
၄။ #Biomechanics အဖွဲ့
လူကိုယ် အစိတ်အပိုင်းများ လုပ်ဆောင်ချက်များ လှုပ်ရှားမှုများကို လေ့လာ ဆန်းစစ် ပြီး ရရှိလာသော အချက်အလက်များ ကို အသုံးချ၍ အားသာချက် အားနည်း ချက်များ ဖော်ထုတ်သော ပညာရပ် ဖြစ်၍ အားကစားသမားများအတွက် အလွန် အသုံးဝင်လှ ဘာသာရပ်ဖြစ်ပါသည်။အားကစားသမားများ၏ စွမ်းဆောင် ရည်ကို မြှင့်တင်ရန်အတွက် Biomechanics ပညာရပ်ကို အသုံးပြုသည်။ ပိုမို ကောင်းမွန်သော ရလဒ်များကို ဖြစ်ပေါ်စေနိုင်ပြီး ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျှော့ချနိုင်သည်။
၅။ #SportPhysiology အားကစား ဇီဝကမ္မဗေဒ ပညာရပ်အဖွဲ့
ကိုယ်ခန္ဓာ ၏ ဇီဝကမ္မဗေဒ ကိုလေ့လာပြီး အားကစား သများ၏ လေ့ကျင့်မှု တိုးတက်မှု ဆုတ်ယုတ်မှု နှင့် ရောဂါဆိုင် ရာများကို လေ့လာသော အဖွဲ့ ဖြစ်ပါသည်။ ဤ ပညာရပ်နှင့်ပတ်သက်၍ စဉ်းစားကြည့်ရန် အချက်က အားကစားသည် လေ့ကျင့်နေရုံမျှ နှင့်တိုးတက်နေလျှင် ဤပညာရပ်ပေါ်လာစရာပင်မရှိပါ။ လေ့ကျင့်မှု ကြောင့် ကိုယ်ခန္ဓာ ၏ ဇီဝ တိုးတက်မှု ရနေလား၊ ဆုတ်ယုတ်မှုကိုသွားနေလား လေ့လာရန် အသုံးချ ဘာသာရပ်ဖြစ်၍ အင်မတန် အရေးကြီးလှပါသည်၊ လေ့ကျင့်မှုလုပ်ခိုင်းထားပြီးနောက် ရလဒ် မည်သို့ ဖြစ်နေသနည်းကို သိရန်လည်း လိုအပ်သည်မဟုတ်ပါလား။
၆။ ကြံ့ခိုင်မှု အားအင် တိုးတက်မှု အတွက် အထောက် အကူပြု အဖွဲ့ #Strength and Conditioning
အဆိုပါဘာသာရပ်သည် အားကစား သိပ္ပံပညာရပ်များမှ ကြံ့ခိုင်မှု ကိုအထူးသော နယ်ပယ် တစ်ခုသည်။ အားကစား သမားများ ၏ ကိုယ်ကာယ စွမ်းဆောင်ရည် ကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက် ထားသော လေ့ကျင့်မှု အစီအစဉ် များ မှတဆင့် အောင်မြင်မှု အတွက် လိုအပ်သော ခွန်အား၊ စွမ်းအား၊ ခံနိုင်ရည်၊ လျင်မြန်မှု၊ သွက်လက်မှု နှင့် အခြားသော ကာယ ဖွံ့ဖြိုးတိုးတက်မှုကို လေ့ကျင့်ပေးပါသည်။
ကြံ့ခိုင်မှု နည်းပြ များသည် ကိုယ်ကာယ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေရန်၊ ဒဏ်ရာဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန်နှင့် ထိရောက်သော လေ့ကျင့်ရေးအစီအစဉ်များကို ဖော်ဆောင်ရန် ပူးပေါင်း ဆောင်ရွက် ပေးပါသည်။
၇။ #PerformanceAnalysis စွမ်းဆောင်ရည်ကို ခွဲခြမ်းစိတ်ဖြာ အကဲဖြတ် အဖွဲ့
အားကစားသမားများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရန်နှင့် မြှင့်တင်ရန် ခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုသည်။ စွမ်းဆောင်ရည်ပိုင်းခြားစိတ်ဖြာမှုဆိုင်ရာ ကိရိယာများနှင့် GPS ခြေရာခံခြင်း၊ ပုံရိပ် ဖမ်းယူခြင်း နှင့် Biomechanics စက်ကိရိယာများ ကဲ့သို့သော နည်းပညာများကို သုံး၍ အားကစားသမားများ၏ လှုပ်ရှားမှုများနှင့် ရုပ်ပိုင်းဆိုင်ရာအခြေအနေများကို အသေးစိတ်ထိုးထွင်းသိမြင်နိုင်စေရန်အတွက် အသုံးပြု ပါသည်။
အထက်ဖေါ်ပြပါ အဖွဲ့များ သည်များသည် အားကစားလောကဖွံ့ ဖြိုးရေးအတွက် ထောက်တိုင်များပင်မဟုတ်ပါလား။
အနီးစပ်ဆုံး နိုင်ငံများဖြစ်ကြသော တရုတ်၊ ထိုင်း၊ စင်ကပူ စသည်တို့တွင် တက္ကသိုလ်များပင်ဖွင့်၍ အားကစား သိပ္ပံ ပညာရပ်များကို ဘွဲ့လွန်၊ ပါရဂူ သင်တန်းများ ထိအောင် သင်ကြားနိုင်သည်ထိ ခရီးပေါက်လျှက်ရှိပါသည်။
အဆိုပါနိုင်ငံများနှင့် သူတင်ကိုယ်တင်ယှဉ်ပြိုင် ကစားနိုင်ရန်ဆိုပါကမူ အားကစား သိပ္ပံ ပညာရှင်များ အရေးတကြီး၊ အဆောတလျှင် မွေးထုတ်ပြီး ပံ့ပိုးမှုများနှင့် လေ့ကျင့်နိုင် မှသာ ပိုမို အောင်မြင်သော အနာဂါတ် တစ်ခုဆီ ချီတက်နိုင်ပါမည်။
အထက်ပါ ဘာသာရပ်များ ဆိုင်ရာ ပညာ ရှင်များကို မွေးထုတ် ရန်မှာလည်း အရေးကြီးလှသော အားကစားမြှင့်တင်ရေးပင်ဖြစ်ပါသည်။
ဒေါက်တာစိုးလူကျော်
M.B., B.S,
M.Med.Sc (Rehabilitation medicine),
MSc Sports & Exercise medicine (Cardiff/ UK),
Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်
Photos credit