ခန္ဓာကိုယ်၏ ဒါဏ်ရာများ အနာကျက်ခြင်းဖြစ်စဉ်

ခန္ဓာကိုယ်၏ တစ်ရှူးများ ဒါဏ်ရာရပါက ဇီဝဗေဒဆိုင်ရာ အနာကျက်ခြင်း သဘာဝတုံ့ပြန်မှု ဖြစ်စဉ်တစ်ခုဖြင့်  ခန္ဓာကိုယ်မှ ပြုပြင်ပါသည်။ ယေဘုယျအားဖြင့် အဆင့်လေးဆင့်ဖြင့် ခွဲခြားဖေါ်ပြကြပါသည်။ ထိုအဆင့်များမှာ  

၁. သွေးတိတ်စေခြင်း (hemostasis)၊

၂. ရောင်ရမ်းလာခြင်း (inflammation)၊

၃. တစ်ရှူးဆဲလ်များ ပြန်လည်ပွားများခြင်း (proliferation) နှင့်

၄. တစ်ရှူးဆဲလ်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း (remodeling) တို့ဖြစ်သည်။

ဆီးချိုရောဂါ၊ ကိုယ်ခံအားကျခြင်း သို့မဟုတ် ဘက်တီးရီးယားဝင်ခြင်း စသည့်အချက်များက အနာကျက်မှုကို နှောင့်နှေးစေနိုင် ပါသည်။

၁. သွေးတိတ်စေခြင်း အဆင့် (Hemostasis)

ကနဦးအဆင့်၊ စတင်သည့် အဆင့်ဖြစ်၍ ဒဏ်ရာရပြီးချိန်တွင် ချက်ချင်း စတင်ပါသည်။ သွေးထွက်လျော့နည်းစေရန် ဒဏ်ရာ နေရာကို သွေးခဲခြင်း (Coagulation) နှင့် သွေးကြောများ ကျုံ့သွားခြင်း (vasoconstriction) ဖြစ်စဉ် တို့စလုပ်ပါသည်။ ဒဏ်ရာနေရာတွင် သွေးဥမွှားများ (platelets) စုပုံလာကာ ထိုနေရာကို ပိတ်ရန်ကြိုးစားပြီး သွေးခဲခြင်းဖြစ်စဉ်ကို အဆင့်ဆင့်လှုံ့ဆော်ပေးပါသည်။ ထို့နောက်  (fibrin mesh) ဖိုင်ဘရင်အမျှင်များက သွေးဥမွှားများနှင့် သွေးဆဲလ်များကို ချည်နှောင်ကာ  တည်ငြိမ်စေသောသွေးခဲမှုဖြစ်အောင် ကူညီပေးပါသည်။ (မိနစ်ပိုင်း မှ နာရီပိုင်းထိ ကြာနိုင်သည်)

၂. ရောင်ရမ်းခြင်းအဆင့် (Inflammatory Phase) 

ဤအဆင့်တွင် ကိုယ်ခံ သွေးဖြူဥ ဆဲလ်များ  neutrophils နှင့်macrophages စသည်တို့ ဒဏ်ရာနေရာသို့ စုဝေးလာပါသည်။  ထို့နောက် အညစ်အကြေးများ၊ ဘက်တီးရီးယားများနှင့် ပျက်စီးနေသောတစ်ရှူးများကို (phagocytosis) နည်းဖြင့် ရှင်းထုတ်လိုက်ပါသည်။ growth factors နှင့် cytokines များထုတ်လွှတ်ပြီး တစ်ရှူးဆဲလ်များပြန်လည်ပွားများခြင်း (proliferative phase) အတွက် အဆင်သင့်ဖြစ် အောင်လုပ်ဆောင်ပါသည်။  ရောင်ရမ်းမှုသည် အနာကျက်ခြင်းအတွက် အရေးပါသော်လည်း ဤအဆင့် ကြာရှည်စွာဖြစ်ပါက အနာကျက်နှုန်းကို နှောင့်နှေးစေနိုင်သည်။ (တစ်ရက် မှ ခုနှစ်ရက်ခန့်ထိ ကြာနိုင်သည်)

၃. တစ်ရှူးဆဲလ်များ ပြန်လည်ပွားများခြင်းအဆင့် (Proliferation Phase) 

ဤအဆင့်တွင် ခန္ဓာကိုယ်သည် ပျက်စီးသွားသော တစ်ရှူးများကို ပြန်လည်တည်ဆောက်ရန် စတင်သည်။    ဒဏ်ရာနေရာသို့ အောက်ဆီဂျင်နှင့် အာဟာရများရောက်ရှိစေရန် သွေးကြောငယ်အသစ်များ ဖြစ်ပေါ်လာခြင်း (Neovascularization) ၊ Fibroblasts ဆာလ်များ  မှ ကော်လာဂျင် Collagen များထုတ်လုပ်ခြင်း၊ ဒဏ်ရာအနာတွင် ဂရန်နူလေးရှင်းတစ်ရှူး (Granulation Tissue) ဖြစ်ပေါ်လာခြင်း၊ အရေပြားဆဲလ်များ ရွေ့လျားကာ ဒဏ်ရာ မျက်နှာပြင် ကို ပြန်လည်ဖုံးအုပ်ခြင်း ဖြင့် ပျက်စီးသွားသော တစ်ရှူး (Extracellular Matrix) ကို တည်ဆောက်ပြုပြင်ပါသည်။  (သီတင်းပတ် ၆ ပါတ် ခန့်ထိ ကြာနိုင်သည်)

၄. တစ်ရှူးဆဲလ်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း (Remodeling Phase) 

ဤနောက်ဆုံးအဆင့်သည် အသစ်ဖြစ်ပေါ်လာသော တစ်ရှူးများကို ပိုမိုအားကောင်းစေရန် နှင့် စနစ်တကျပြန်လည်စီစဉ်ခြင်း ကို အဓိကထားသည်။  Collagen Remodeling  ရှေ့အဆင့်တွင် စုပုံထားသော ကော်လာဂျင်အမျှင်များ (collagen fibers) ကို ပိုမို ကြံ့ခိုင် ကောင်းမွန်အောင် ပြန်လည်စီမံပါသည်။ 

(Scar Maturation)  အမာရွတ်တစ်ရှူးသည် တဖြည်းဖြည်း ပိုမိုနူးညံ့ပြီး ပုံမှန်အခြေအနေ ပြန်ရောက်လာသည်။ သို့သော် မူလက တစ်ရှူးကဲ့သို့ ၁၀၀% အပြည့်အစတော့ ပြန်မရနိုင်ပါ။  ဒဏ်ရာ၏အရွယ်အစားနှင့် တည်နေရာပေါ်မူတည်၍ ဤအဆင့်သည် သီတင်းပတ်မှ လပေါင်းများစွာ  ကြာနိုင်သည်။  အာဟာရဓာတ်၊ သွေးလည်ပတ်မှု၊အသက်အရွယ် နှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါများ က ဤဖြစ်စဉ်ကို သက်ရောက်မှုရှိနိုင်ပါသည်။ (Physical therapy)   ကိုယ်ကာယ ကုသမှု နှင့်  လေ့ကျင့်ခန်း များက ဒါဏ်ရာ ပြန်လည်သန်စွမ်းရေးကို အထောက်အကူပြုနိုင်သည်။

!!! အရွတ် ဒါဏ်ရာ အနာ ပြန်လည်ကျက်ခြင်း  

အရွတ်ပြန်လည် အနာကျက်ခြင်း (Tendon healing) သည် အခြေခံအဆင့်များ (သွေးတိတ်ခြင်း၊ ရောင်ရမ်းခြင်း၊ ဆဲလ်ပြန်ပွားခြင်း၊ ပြန်လည်ပြုပြင်ခြင်း) အတူတူဖြစ်သော်လည်း အရွတ်များတွင် သီးသန့်ကွာခြားချက်များ ရှိပါသည်။

အရွတ်များသည် ကော်လာဂျင်အမျှင်များ (Collagen fibers) အလွန်သိပ်သည်းစွာ ရှိနေသော တစ်ရှူးများ ဖြစ်ပြီး ကြွက်သားနှင့် အရိုးကို ဆက်သွယ်ပေးသည်။ အခြားတစ်ရှူးများထက် သွေးလှည့်ပတ်မှုနည်းပါးသောကြောင့် ပြန်ကောင်းရန် နှေးကွေးပါသည်အရွတ်ဒဏ်ရာများအတွက် အရေးကြီးသောအချက်မှာ စောစီးစွာ ပြန်လည် သန်စွမ်းရေး ကုထုံးများ (Early rehabilitation) လုပ်ရန် အရေးကြီးသည်။ ကော်လာဂျင်ဖွဲ့စည်းမှုကို နှောင့်နှေးစေနိုင် ၍ ပြင်းထန်သောအကိုက်အခဲပျောက်ဆေး (NSAIDs) များကို ရှောင်ရှားပါက ကုသမှု ပိုမိုထိရောက်နိုင်ပါသည် အရွတ်များသည် မှန်ကန်သောကုသမှုမရှိပါက နာတာရှည်နာကျင်မှု များဆီသို့ ဦးတည်နိုင်သည်။ (Ligaments အနာကျက်ခြင်း သည်လည်း သဘောသဘာဝ များသောအားဖြင့် tendon နှင့်တူပါသည်)

အဆင့်လိုက် ကုသရန် ချည်းကပ်ခြင်း

၂. ရောင်ရမ်းခြင်းအဆင့် (Inflammatory Phase) စီမံ ကုသခြင်း

ရည်မှန်းချက် Goal

ရောင်ရမ်းမှုကိုထိန်းချုပ်ရန် ၊ပိုးမဝင် အောင်ကာကွယ်ရန်၊ နာကျင်မှု ထိန်းသိမ်း နိုင်ရန်၊ အနာနေရာကိုကာကွယ်ရန်

စီမံ ကုသခြင်း

+ Protection and cleanup ဒါဏ်ရာကို ကာကွယ်ခြင်းနှင့် သန့်ရှင်းအောင်ထားခြင်း

+ RICE (Rest, Ice, Compression, Elevation)

ဒါဏ်ရာများ ကနဦး စီမံခြင်းဖတ်ရန် အောက် Link ကို နှိပ်ပါ

+ Pain control နာကျင်မှု ထိန်းသိမ်း စီမံ ကုသခြင်း

+ Avoid overuse of injured area အလွန်အကျွံ အသုံးမပြုမိအောင် ဆင်ခြင်ခြင်း စီမံ ကုသနိုင်ပါသည်။

၃. တစ်ရှူးဆဲလ်များ ပြန်လည်ပွားများခြင်းအဆင့် (Proliferation Phase) 

ကုသရေး ရည်မှန်းချက် Goal

တစ်ရှူးများ ပြန်လည်တည်ဆောက်ခြင်း ပြည့်ပြည့်ဝဝ ရစေရန် Tissue rebuilding

စီမံ ကုသခြင်း

+ Physical therapy ကာယကုသမှု ကုထုံးများ

+ Nutrition support အဟာရ ပြည့်စုံအောင်ဖြည့်ဆည်းခြင်း

+ Gentle movement/exercise ပေါ့ပေါ့ ပါးပါး လှုပ်ရှားမှု/လေ့ကျင့်ခန်း လုပ်ခြင်း တစ်ရှူးများ ပြန်လည်တည်ဆောက်ခြင်း ပြည့်ပြည့်ဝဝ ရစေရန် ကုသမှုများလုပ်နိုင်ပါသည်။

၄. တစ်ရှူးဆဲလ်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း (Remodeling Phase) 

ကုသရေး ရည်မှန်းချက် Goal

ပုံမှန်အတိုင်း ဖွဲ့စည်းပုံနှင့် အလုပ်လုပ်နိုင်စွမ်း ပြန်ရစေခြင်း Restore normal structure and function.

 စီမံ ကုသခြင်း

+ Progressive loading and strengthening အဆင့်ဆင့်တိုးမြှင့်ကာ ဖိအားတိုးမြှင့်လေ့ကျင့်မှုများ နှင့် ကြံ့ခိုင်မှု လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း

+ Stretching and mobility work အကြောပျော့ပြောင်းစေသော  လေ့ကျင့်ခန်းများ၊ လှုပ်ရှားနိုင်စွမ်းတိုးတက်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ခြင်း

+ Long-term rehab ရေရှည် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းက တစ်ရှူးဆဲလ်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း အလျင်အမြန်တိုးတက်စေ နိုင်ပါသည်။

ဒေါက်တာစိုးလူကျော်
M.B., B.S,
M.Med.Sc (Rehabilitation medicine),
MSc Sports & Exercise medicine (Cardiff/ UK),
Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်

ကိုးကား References

Chhabra, S., Chhabra, N., Kaur, A., & Gupta, N. (2017). Wound healing concepts in clinical practice of OMFS. Journal of Maxillofacial and Oral Surgery, 16(4), 403–423. https://doi.org/10.1007/s12663-016-0880-z

Schultz, G. S., Chin, G. A., Moldawer, L., & others. (2011). Principles of wound healing. In R. Fitridge & M. Thompson (Eds.), Mechanisms of vascular disease: A reference book for vascular specialists (Chap. 23). University of Adelaide Press. https://www.ncbi.nlm.nih.gov/books/NBK534261/

Singh, S., Young, A., & McNaught, CE. (2017). The physiology of wound healing. Surgery (Oxford), 35(9), 473–477. https://doi.org/10.1016/j.mpsur.2017.06.004 pubmed.ncbi.nlm.nih.gov+4

Leave a Reply