ပုခုံးခဲခြင်း/ကပ်ခြင်း Frozen Shoulder

အသင့်အတင့် အရွယ်ရလာသော လူကြီးပိုင်း အချို့တွင် နာကျင်မှု နှင့် အတူ ပုခုံးတောင့်ခြင်း တင်းကျပ်ကျပ် ဖြစ်နေခြင်းစသော ပုခုံးခဲခြင်းဝေဒနာ ကို မြင်ဖူး ကြားဖူး ကြပါမည်။ အပြော များလေ့ ရှိသည်က အမျိုး သမီးကြီး အများစု တွင် ဘော်လီချိတ် နောက်သို့ချိတ်မရ ခေါင်းဖီး၍မရ ဟု ရောဂါ လက္ခဏာ ကို ချပြလေ့ ရှိပါသည်။

အဆိုပါရောဂါသည် အသက် ၄၀ ကျော်ပိုင်းနှင့် အမျိုးသမီးများ တွင် အဖြစ်များလေ့ရှိသည်။ ရောဂါ ဖြစ်ပွားခြင်း၏ အခြေခံကား များသောအားဖြင့် ဘာကြောင့် ဖြစ်ပွားမှန်း မသိကြချေ ၊ ဆီးချို နှင့် ထိခိုက်ဒါဏ်ရာ ကြောင့် ဖြစ်ပွားနိုင်ခြေရှိသည်ဟု ၁၀% ခန့်သာအတည်ပြုနိုင်ပါသည်။

ဤရောဂါတွင် အဆင့် ၃ ဆင့် ရှိပါသည်။

၁။ နာသောအဆင့်

နာကျင်မှု သည် တဖြည်းဖြည်း မြင့်တက်လာ လေ့ရှိပြီး ညအခါ ပိုနာလေ့ရှိပါသည်။ ၆ ပါတ်မှ ၉လ ခန့် ကြာတတ်ပါသည်။

၂။ ခဲသောအဆင့်

နာကျင်မှုတော့ လျော့လာသည်၊ ပုခုံး ကတော့ လှုပ်ရှားရခက် ကျပ်တပ်တပ် ဖြစ်လာချေသည်၊ ၄ လမှ ၆ လခန့်အထိ ကြာတတ် ပါသည်။

၃။ အရည်ပျော်ခြင်း/ကောင်းသွားခြင်းအဆင့်

ပုခုံးကပ်ခြင်း ခဲခြင်း တဖြည်းဖြည်း လျော့ကျကာ အလိုလို သက်သာပျောက်ကင်းသွားလေ့ရှိပါသည် သို့သော်လည်း တခါတရံ ပြန်နာလာလေ့ရှိပါသည်။ ၆လမှ ၂ နှစ်ခန့် ကြာလေ့ရှိပါသည်။

ကုသခြင်း

နာခြင်း သက်သာစေသော အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ ဆရာဝန်နှင့် ပုခုံးဆစ်ထဲ အရောင်ကျ စတီးရိုက်ဆေး (သို့) ရေဓါတ်၊ သကြားဓါတ် များ ထိုးခြင်း၊ physiotherapy အကြောအဆစ် ပညာရှင်များနှင့် ကုသခြင်း သည် ထိရောက်သော နည်း များဖြစ်၍ အကျိုးရှိလှပါသည်။ သိုသော် လေ့ကျင့်ခန်းကို စနစ်တကျ လုပ်မှ ပုခုံးကပ်ခြင်း ကြွက်သားသိမ်သွားခြင်းတို့ ကျန်မနေတော့ ပဲ မူလအခြေ အနေသို့အမြန်ဆုံးရောက်ရှိလာပါမည်။ မိမိကိုယ်တိုင် ဦးစီးဆောင်ရွက်၍ ကိုယ်တိုင် လေ့ကျင့် ကုသရမည့် ရောဂါဖြစ်၍ မိမိကိုယ်ကိုယ်အားကိုး ရမည်သာဖြစ်သည်။ ကိုယ့်ရောဂါကို ကိုယ်ကိုယ်တိုင် ကုသရပါပေမည်။

အောက်ဖော်ပြပါ ပုံများသည် ပုခုံးခဲရောဂါအတွက် အိမ်တွင်လုပ်ရန် လေ့ကျင့်ခန်း များဖြစ်ပါသည်။ လေ့ကျင့်ခန်းမစမီ ရေနွေးအိတ် ၁၅ မိနစ် ၂၀ မိနစ်ခန့် ကပ်ပေးခြင်းဖြင့် ပိုမိထိရောက်စေပါသည်။

မိမိ ကိုယ်တိုင် ကုသနိုင်သော ရောဂါ အတွက် ငွေ မကုန်သော လေ့ကျင့်ခန်းကို လုပ်လိုက်ပါ။

[ပုခုံးသည်ရှုပ်ထွေးလှသော အစိတ်အပိုင်းတခုဖြစ်၍ အခြား အရိုးကျိုးပဲ့ခြင်း အရွတ် ညပ်ခြင်းတို့နှင့် ကွဲပြားစေရန် ပညာရှင်များနှင့် ဦးစွာ ရောဂါ အမည် မှန်ကန်စွာ အတည်ပြုသင့်ပါသည်]

ကျန်းမာရွှင်လန်းပါစေ

ဒေါက်တာစိုးလူကျော်

M.B.,B.S,

M.Med.Sc (Rehabilitation medicine),

MSc Sports & Exercise medicine (Cardiff/ UK),

Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)

အကြော၊ အဆစ်၊ ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်

၊ဇမ္ဗူ သီရိ အထူးကုဆေးရုံကြီး။

Leave a Reply

Your email address will not be published. Required fields are marked *