ကုန်းမြေ အမြင့်မှ သွားရောက် လည်ပတ်ခြင်း (သို့) အားကစားပွဲ ယှဉ်ပြိုင်ခြင်း
ကုန်းမြေ အမြင့်မှ သွားရောက် လည်ပတ်ခြင်း (သို့) အားကစားပွဲ ယှဉ်ပြိုင်ခြင်း
ကုန်းမြင့်ဒေသသို့ ခရီးထွက်ခြင်း အတွက် ဖြစ်နိုင်ခြေရှိသော စိုးရိမ်စရာတစ်ခုမှာ ကုန်းမြင့်နာကျခြင်း ဖြစ်နိုင်ခြေ ရှိခြင်းဖြစ်သည်။ ” ကုန်းမြင့်နာကျခြင်း ” ဟူသောအသုံးအနှုန်းသည်မြင့်မားသော ဒေသနှင့် ရုတ်တရက် တွေ့လိုက်ရပြီး ဖြစ်လာနိုင်သော အဆုတ်ရောင်ရောဂါ နှင့် ဦးနှောက်ရောင်ခြင်း အပါအဝင် အမြင့်နှင့်ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် အခြေအနေအားလုံးကို ရည်ညွှန်းသည်။
High-altitude pulmonary edema (HAPE) အဆုတ်ရောင်ရောဂါ သည် ပုံမှန်အားဖြင့် အမြင့်ပေ 2,500 (ပေ 8,200) အထက်တွင် ဖြစ်တတ်သည့် အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်မှ အောက်ဆီဂျင် ပမာဏနှင့် နိမ့်ကျသောလေထုဖိအားကို ထိတွေ့မိသောအခါ အဆုတ်အတွင်း အရည်များစုပုံခြင်းကြောင့် အသက်ရှူရ ခက်ခဲခြင်းနှင့် အောက်ဆီဂျင်စုတ်ယူမှု ချို့ယွင်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။
High-altitude cerebral edema (HACE) သည် သာမန်အားဖြင့် ပေ 8,000 (2,400 မီတာ) သို့မဟုတ် ထို့ထက်ပို၍ မြင့်မားသော အမြင့်သို့ လူတစ်ယောက် လျင်မြန်စွာ တက်သောအခါ ဖြစ်ပွားနိုင်သော ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသော အခြေအနေတစ်ခုဖြစ်သည်။ မြင့်မားသောအမြင့်တွင် ခန္ဓာကိုယ်မှ အောက်ဆီဂျင်ပမာဏကို ထိန်းညှိရန် မစွမ်းဆောင်နိုင်ခြင်းကြောင့် ဦးနှောက်အတွင်းရှိ အရည်များ စုပုံလာသည့် အပြင် အောက်ဆီဂျင်မရှိခြင်းကြောင့် ဦးနှောက်တစ်ရှူးများ ရောင်ရမ်းလာပါသည်။
လတ်တလော ” ကုန်းမြင့်နာကျခြင်း ” သည် များသောအားဖြင့် ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အိပ်မပျော်ခြင်း စသည့်လက္ခဏာများ ပြလေ့ရှိသည်။ ပြသနာ မဆိုးဝါးလျှင် အသက်အန္တရာယ် မရှိသော်လည်း လန်းဆန်းမှု၊ ပျော်ရွှင်မှုနှင့် အားကစားတွင် စွမ်းဆောင်ရည် ထိခိုက်နိုင်ပါသည်။
မြင့်မားသော အမြင့်များတွင် အားကစားသမားများသည် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်မှုနည်းသော ပါးလွှာသောလေထုကြောင့် ခရမ်းလွန်ရောင်ခြည် တိုးမြင့်လာမှုကို ထိတွေ့ရတတ်သည်။
ကံကောင်းသည်မှာကား ကုန်းမြင့်နာကျခြင်းကာကွယ်၍ရပါသည်
ကုန်းမြေ အမြင့်မှ သို့ သွားရောက် လည်ပတ်ခြင်း (သို့) အားကစားပွဲ ယှဉ်ပြိုင်ခြင်း အတွက် ကြိုတင် ကာကွယ်ရေး နှင့် စီမံခန့်ခွဲမှု
(က) ဖြည်းဖြည်းချင်း ကုန်းမြေမြင့်နှင့်အသားကျအောင်လုပ်ခြင်း
ခန္ဓာကိုယ်ကိုကုန်းမြေမြင့်နှင့် ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်အောင် အချိန်ပေး၍ တဖြည်းဖြည်း အမြင့်သို့ တက်မည့် ခရီးစဉ်၊ လေ့ကျင့်ရေး သို့မဟုတ် ပြိုင်ဆိုင်မှု အချိန်ဇယားများကို စီစဉ်ပါ။
(ခ) ရေဓာတ် ထိန်းသိမ်းခြင်း
ရေဓာတ်ခမ်းခြောက်ခြင်းသည် အမြင့်နှင့်ဆက်စပ်သော ရောဂါ လက္ခဏာများကို ပိုဆိုးစေသောကြောင့် သင့်လျော်သောရေဓာတ်ကို ထိန်းသိမ်းပါ။
(ဂ) ဆေးဝါးများ
Acetazolamide (ဆီးဆေး) ကဲ့သို့သော ဆေးဝါးကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ပြီး လိုအပ်လျှင်သုံးပြီး လတ်တလော ” ကုန်းမြင့်နာကျခြင်း” ကိုလျှော့ချပေးနိုင်ပါသည်။ Acetazolamide ကို မတည့်လျှင် Dexamethasone သည် အစားထိုးဆေး အဖြစ်သုံးကြသည်။ Xenobiotics, Ginkgo biloba ကိုလည်း သုံးလေ့ရှိကြသည်သည်။ သုသေသန အရမရှိသော်လည်း ကြက်သွန်ဖြူ နှင့် ကိုကာအရွက် သည် လည်း အသုံးများပါသည်။ အိပ်မပျော် ဖြစ်ပါက အိပ်ဆေး အချို့ကိုလည်း ပေးရလေ့ရှိပါသည်။
(ဃ) အမြင့်တွင် လေ့ကျင့်ရေး
အချို့သော အားကစားသမားများသည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် မြင့်မားသောအမြင့်တွင်လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်လိုပါသည်။ သို့သော် ဘေးကင်းပြီး ထိရောက်မှုရှိစေရန် ပရော်ဖက်ရှင်နယ် လမ်းညွှန်မှုအောက်တွင်သာ လုပ်ဆောင်သင့်သည်။
(င) အရေးပေါ်အစီအစဉ်
လိုအပ်ပါက အရေးပေါ်ဆေးကုသရန် သို့မဟုတ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ရှင်းလင်းသော အရေးပေါ်အစီအစဉ်ကို ထားရှိပါ။
(စ) ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်မှု
(SPF) ပါသော နေရောင်ကာခရင်မ်ကို လိမ်းသင့်သည်။ ၂နာရီခြားတစ်ခါ ပြန်လည်လိမ်းပေးပါ။ လက်ရှည်၊ ဘောင်းဘီ၊ဦးထုပ်များကဲ့သို့သော အရေပြားကို ဖုံးအုပ်ထားသည့်အဝတ်အစားများကို ဝတ်ဆင်ခြင်းက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်ပါသည်။ အားကစား သမားများသည် မျက်လုံးကို ထိခိုက်ပျက်စီးစေနိုင်သည့် အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်များမှ ကာကွယ်ရန် UV အကာအကွယ်ပေးသည့် နေကာမျက်မှန်များကို ဝတ်ဆင်သင့်သည်။
အချုပ်အားဖြင့်ဆိုရသော် ကုန်းမြေမြင့်များသည် အားကစားသမားများ၏ စွမ်းဆောင်ရည်နှင့် ကျန်းမာရေးအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိနိုင်သည်။ အားကစားသမားများသည် ကျန်းမာရေးအပေါ် သက်ရောက်မှုများအား မရှိစေရန် ခန္ဓာကိုယ်ကိုကုန်းမြေမြင့်နှင့် ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်အောင်၊ နေသားအရင်ကျအောင် အချိန်ပေးခြင်းအား ဦးစားပေး လုပ်ဆောင်သင့်သည်။ မြင့်မားသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ဘေးကင်းရေးသည် အမြဲတမ်းပထမဖြစ်ရမည်။
ဒေါက်တာစိုးလူကျော်
M.B.,B.S,
M.Med.Sc (Rehabilitation medicine),
MSc Sports & Exercise medicine (Cardiff/UK),
Fellowship in Musculoskeletal Ultrasound (NTUH Taiwan),
အကြော၊ အဆစ်၊ ပြန်လည်သန်စွမ်းရေး၊ အားကစားနှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်
တောင်ပေါ် အမြင့်တွင်ကစားရာမှ မက်ဆီအပါအဝင် ကစားသမား အချို့ အမြင့်နာ ခံစားခဲ့ရ 2007: Colombia 2 – Argentina 1 (Bogota – 2,640 metres)