အမျိုးသမီး အားကစားသမားများ၏ ကျန်းမာရေးပြဿနာများ

၁။ အမျိုးသမီးများ အားကစားလုပ်ရာ၌ ဆက်စပ် ပြဿနာသုံးခု ” Female Athlete Triad “

၁။ (က) အစားအသောက်မမှန်ခြင်း

အမျိုးသမီး အားကစားသမားများသည် ကယ်လိုရီ ကန့်သတ်ချက် နည်းများကို လိုက်နာ၍ ခန္ဓာကိုယ်အလေးချိန်  ကိုစီမံရန် လျှော့၍ စားခြင်း၊ အစာမစားဘဲနေခြင်း စသည့် အစားအသောက် ပုံစံမမှန်မှုများသည် လုံလောက်သော စွမ်းအင် ရရှိမှု နှင့် အာဟာရချို့တဲ့မှုတို့ကို ဖြစ်စေ နိုင်သည်။

အကျိုးဆက် အနေနှင့် စွမ်းအင်မလုံလောက်ခြင်းသည် ဟော်မုန်းထိန်းညှိခြင်းအပါအဝင် ခန္ဓာကိုယ်တွင်း ဇီဝ ဖြစ်စဉ်များကို အနှောင့်အယှက်ဖြစ်စေသည်။ ဤစွမ်းအင်ချို့တဲ့မှုသည် အရိုးကျန်းမာရေးနှင့် ရာသီ ပုံမှန်ဖြစ်ရန် အတွက် အရေးကြီးသော အီစထရိုဂျင် နှင့် ဟော်မုန်း အချို့ ထုတ်လွှတ်မှုကို  ကျဆင်းသွား စေနိုင်သည်။ ထို့အပြင် လုံလောက်သော အာဟာရဓာတ်များ မလုံလောက်ပါက ကျန်းမာရေးနှင့် အားကစား စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သည်။

၁။ (ခ) ရာသီ ကမောက်ကမဖြစ်ခြင်း

အစားအသောက်မမှန်ခြင်း သို့မဟုတ် အလွန်အကျွံ လေ့ကျင့်မှုများကြောင့် စွမ်းအင် ပြည့်ပြည့်ဝဝ  မရခြင်းသည် ဇီဝကမ္မ ဖြစ်စဉ် hypothalamic-pituitary-ovarian axis ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

hypothalamic-pituitary-ovarian axis (HPO) သည် အမျိုးသမီးများ ရာသီစက်ဝန်းနှင့် မျိုးပွားမှု ဆိုင်ရာ လုပ်ငန်းဆောင်တာများကို ထိန်းချုပ်ပေးသော ခန္ဓာကိုယ်အတွင်းရှိ ဆက်သွယ်မှုစနစ်တစ်ခု ဖြစ်ပါသည်။

ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် hypothalamus သည် စွမ်းအင် ပြည့်ပြည့်ဝဝ  မရခြင်း၊ စိတ်ဖိစီးခြင်း ကြောင့် gonadotropin-releasing hormone (GnRH) ဟော်မုန်း ထွက်လာခြင်းကို တားဆီးသည်။ ဆက်လက်၍ pituitary ဂလင်း အစိတ်အပိုင်း မှ Luteinizing ဟော်မုန်း (LH) နှင့် follicle-stimulating hormone (FSH) ဟော်မုန်း တို့မှ ထုတ်လွှတ်မှုကို လျော့နည်းစေသည်။ ဤနှောင့်ယှက်မှုသည် သားဥ အိမ်များ၏ မျိုးဥထုတ်နိုင်စွမ်းနှင့် အီစထရိုဂျင် ပုံမှန် ထုတ်လွှတ် နိုင်စွမ်းကို ထိခိုက် စေပါသည်။

အကျိုးဆက်အနေနှင့် ရာသီမမှန်ခြင်းများ၊ ရာသီမလာခြင်း၊ ပုံမှန်မဟုတ်သော စက်ဝန်းများ ဖြစ်နိုင် ပါသည်။ ဟော်မုန်း ကမောက်ကမ ဖြစ်ခြင်း အထူးသဖြင့် အီစထရိုဂျင် ပမာဏနည်းပါးခြင်းသည် အရိုးကျန်းမာရေးနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး အပေါ် ဆိုးကျိုးများဖြစ်စေနိုင်သည်။

၁။ (ဂ) အရိုးပွရောဂါ

Estrogen သည် အရိုးသစ်ဆာလ် များဖွဲ့စည်းခြင်းကို မြှင့်တင်ပေးပြီး၊ အရိုးဟောင်းများကို ဖြိုခွဲခြင်းခြင်း အား တားမြစ် ခြင်း ကြောင့် အရိုးသိပ်သည်းဆကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည် (ခန္ဓာကိုယ်၌ အရိုးဟောင်းများကို ဖြိုခွဲခြင်း ဖြစ်စဉ် ရှိပြီး အရိုးသစ်ဆာလ် များဖွဲ့စည်းခြင်း သည် ၎င်းကို အစား ထိုးရန်အတွက်ဖန်တီးခြင်း ဖြစ်စဉ် ဖြစ်သည်) ။ ရာသီမမှန်ခြင်းနှင့် စွမ်းအင်ချို့တဲ့ခြင်းကြောင့် အီစထရိုဂျင် ပမာဏ လျော့နည်းခြင်းသည် အရိုးဟောင်းများကို ဖြိုခွဲခြင်း ဖြစ်စဉ် အားပေးလာစေပြီး အရိုးသစ်ဆာလ် များဖွဲ့စည်းခြင်း လျော့နည်းသွားကာ အရိုး သိပ်သည်းဆကို လျော့နည်းစေသည်။

အကျိုးဆက်အနေနှင့် အားနည်းသွားသောအရိုးများသည် ဖိအားကြောင့် အရိုးကျိုးအက်ခြင်း နှင့် ဒဏ်ရာ ရခြင်းများကို ပို၍ ဖြစ်နိုင်ချေရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ အရိုးသိပ်သည်းဆ နည်းခြင်းသည် ကြွပ်ဆတ်ပြီး ကျိုးလွယ်သောအရိုးများဖြစ်လာကာ အရိုးပွရောဂါ ဖြစ်နိုင်ခြေကို တိုးလာစေပါသည်။

ဖြေရှင်း ရန်နည်းလမ်းများ

အာဟာရနှင့် စွမ်းအင်မျှတမှု ကို ဖြေရှင်းခြင်း

သင့်လှုပ်ရှားမှုအဆင့်အတွက် လုံလောက်သောစွမ်းအင်၊ အာဟာရ နှင့် သင့်လျော်သော မျှတသော စားသောက်မှု အစီအစဉ်ကို ဖန်တီးရန် အာဟာရ ပညာရှင် ၊ ကျန်းမာရေး ပညာရှင် တို့နှင့် စီမံပါ။ အရိုးကျန်းမာရေး၊ ဟော်မုန်းမျှတမှု နှင့် ကျန်းမာမှုကို ပံ့ပိုးပေးသည့် အာဟာရဓာတ်များသော အစားအစာများကို စားပါ။

လေ့ကျင့်ရေး ကဲခြင်းကို ဖြေရှင်းခြင်း

လေ့ကျင့်မှုလွန်ကဲခြင်းကို တားဆီးရန် သင့်လျော်သော လေ့ကျင့်မှုပမာဏ၊ ပြင်းထန်မှုနှင့် ပြန်လည် အနားပေး အားမွေးခြင်း၏ အရေးပါမှုကို နားလည်ရပါမည်။  တတ်ကျွမ်းနားလည်သော နည်းပြနှင့် စီမံ လေ့ကျင့်ပါ။

အနားယူခြင်းနှင့် အနားပေး အားမွေးခြင်း

 သင့်လျော်သောအိပ်စက်ခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းနှင့် စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်း နည်းစနစ်များကဲ့သို့သော အနားပေး အားမွေးခြင်းကို ဦးစားပေးလုပ်ဆောင်ပါ။ အပြင်းအထန် လေ့ကျင့်ခန်းလုပ်ပြီးရင် သင့်ခန္ဓာကိုယ်ကို လုံလောက်စွာ အနားပေး အားမွေးစေပြီး လေ့ကျင့်မှုနှင့် အသားကျစေအောင် အချိန်ပေးပါ။

ဟော်မုန်းကျန်းမာရေး ကို ဖြေရှင်းခြင်း

 အကယ်၍ သင်သည် ရာသီမမှန်ခြင်းများကို ကြုံတွေ့နေရပါက နောက်ခံအကြောင်းရင်းများကို သိရှိနိုင်ရန် အားကစားဆေးပညာ သို့မဟုတ် သားဖွားမီးယပ် ပညာရှင်နှင့် တိုင်ပင်ပါ။

 စွမ်းအင်ချို့တဲ့မှုကို ဖြေရှင်းခြင်း  နှင့် ကျန်းမာသော ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းသည် ဟော်မုန်းမျှတမှုကို ပြန်လည်ရရှိရန် ကူညီပေးနိုင်သည်။

အရိုးကျန်းမာရေး ကို ဖြေရှင်းခြင်း

အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်နှင့် ဗီတာမင် D၊ ဗီတာမင် K ကြွယ်ဝသော အစားအစာများကို စားသုံးပါ။ အရိုးသန်မာစေသော ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် အာဟာရဓာတ်များ လုံလောက်စွာ ရရှိကြောင်း သေချာပါစေ။

စိတ်ကျန်းမာရေး:

အစားအသောက်ပုံမမှန်ခြင်း သို့မဟုတ် အားကစားစွမ်းဆောင်ရည်နှင့်ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများနှင့် ရင်ဆိုင်နေရပါက စိတ်ကျန်းမာရေးပညာရှင်ထံမှ အကူအညီရယူပါ။

၂။ ဒူးတွင်းအရွတ် anterior cruciate ligament (ACL) ထိခိုက်မှု ဖြစ်နိုင်ခြေ ပိုများခြင်း

အမျိုးသမီး အားကစားသမားများသည် အမျိုးသားများနှင့် နှိုင်းယှဉ်ပါက ဒူးတွင်းအရွတ် anterior cruciate ligament (ACL) ထိခိုက်မှု ဖြစ်နိုင်ခြေ ပိုများပါသည်။ အကြောင်းရင်းများမှာ

၂။ (က) ခန္ဓာဗေဒဆိုင်ရာ ကွာခြားချက်များ-

 အမျိုးသမီးများသည် အများအားဖြင့် ပိုကျယ်သော တင်ပါးဆုံရိုး ရှိကြသည်။ ထိုးကြောင့် ဒူးဆစ်၏ အလိုင်းမန့် အမျိုးသားများထက် ပိုကားသည်။ အမျိုးသမီးများ၌ ဒူးတွင်းအရွတ် ACL သည်သေးငယ်ပြီး၊ အရွတ် ဆက်တွယ်သော အရိုးမျက်နှာ ပြင်သည်လည်း ပိုသေးပါသည်။ ဤအချက်များသည် အဆစ်များမှတဆင့် သက်ရောက်သောအားကို အကျိုးသက်ရောက်နိုင်ပြီး ထိခိုက်ဒဏ်ရာရနိုင်ခြေကို တိုးမြင့်စေပါသည်။

၂။ (ခ) ဟော်မုန်းဆိုင်ရာအချက်များ

ရာသီစက်ဝန်းအတွင်း ဟော်မုန်းအတက်အကျများသည် အရွတ်များလျော့ရဲခြင်း နှင့် အာရုံကြော ကြွက်သားထိန်းချုပ်မှုကို အားနည်း စေနိုင်ပြီး အဆစ်တည်ငြိမ်မှုကို ထိခိုက်စေသည်။ ထိခိုက်ဒဏ်ရာရနိုင်ခြေကို တိုးလာစေနိုင်သည်။

၂။ (ဂ) Biomechanics

အမျိုးသမီးများသည် အမျိုးသားများနှင့် နှိုင်းယှဉ်ပါက မတူညီသော လှုပ်ရှားမှု ပုံစံများနှင့် ခြားနားသော ကြွက်သား လှုပ်ရှားမှု များ ရှိကြပါသည်။ ဥပမာအားဖြင့် အမျိုးသမီးများသည် ၎င်းတို့၏ ပေါင့်ရှေ့ ကြွက်သားများပေါ်တွင် ပိုမိုအားပြူကြပြီး ပေါင့်နောက် ကြွက်သားများပေါ်တွင် လျော့နည်းစေကာ ACL တွင် ဖိစီးမှုကို တိုးလာစေနိုင်သည်။

ဖြေရှင်း ရန်နည်းလမ်းများ

အာရုံကြောကြွက်သားလေ့ကျင့်ရေး

အာရုံကြော ကြွက်သား စနစ် ပေါင်းစပ်မှု လုပ်ဆောင်မှု၊ ဟန်ချက်ထိန်းခြင်း နှင့် မှန်ကန်သောလှုပ်ရှားမှုပုံစံများကို မြှင့်တင်သည့် လေ့ကျင့်ခန်းများ ကိုလုပ်ဆောင်ခြင်းသည် သည် ACL ဒဏ်ရာများဖြစ်နိုင်ချေကို လျှော့ချပေးနိုင်သည်။

ခွန်အားလေ့ကျင့်ရေး

ဒူးကို ထိန်းသော ပေါင့်ရှေ့ ကြွက်သားများ၊ ပေါင်နောက် ကြွက်သားများ ညီညီမျှမျှ  သန်မာစေခြင်း သည် ပိုမိုကောင်းမွန်သော အဆစ်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပြီး ACL ဒဏ်ရာကို ကာကွယ်နိုင်သည်။

ပညာပေးရေး

အားကစားသမားများနှင့် နည်းပြများအား ထိခိုက်ဒဏ်ရာရခြင်းမှကာကွယ်ရန် ACL ဒဏ်ရာများ၏ အန္တရာယ်ရှိသော အချက်များနှင့် ခန္ဓာဗေဒ ဆိုင်များအကြောင်း ပညာပေးသင့်သည်။

သင့်လျော်သောဖိနပ်

မိမိ ကစားသော အားကစားနှင့် ကစားရာ မျက်နှာပြင်အတွက် သင့်လျော်သော ဖိနပ်ကို ဝတ်ဆင်ခြင်းသည် တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် ဒဏ်ရာဖြစ်နိုင်ခြေကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေပါသည်။

ဒေါက်တာစိုးလူကျော်

M.B.,B.S,

M.Med.Sc (Rehabilitation medicine),

MSc Sports & Exercise medicine (Cardiff/UK),

Fellowship in Musculoskeletal Ultrasound (NTUH Taiwan),

အကြော၊ အဆစ်၊ ပြန်လည်သန်စွမ်းရေး၊ အားကစားနှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်

Leave a Reply